ရွှေမင်းသား မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်...

Saturday, February 14, 2009

ရေမြေခြားတဲ့ ချစ်သူများ..

ဖေဖော်ဝါရီ ၁၄ ရက် . လူတွေပြောကြတာက ချစ်သူများနေ့တဲ့..ဒီလိုနေ့မျိုးဆို မြန်မာပြည်မှာ နေစဉ်က မျှော်လင့်စောင့်စားခဲ့ ရတဲ့ နေ့လေး တစ်နေ့ပေါ့။...
တိုက်တိုက်ဆိုင်ဆိုင် ကျနော့် ချစ်သူဆိုတဲ့ ကောင်မလေး က အဲဒီနေ့ မှာမွေးဖွားလာတဲ့ အချစ်နတ်သမီး လေးတစ်ပါးပေါ့..သူ့နာမည်က ဗီးနပ်စ် (Venus) တဲ့...။

ကံကြမ္မာ အလှည့်အပြောင်းကြောင့် သံသရာ တစ်ကွေ့မှာ ဆုံတွေ့ရတဲ့ အဖြစ်လို အထိမ်းအမှတ် ပစ္စည်းတွေရောင်းတဲ့ ဆိုင်လေးတစ်ဆိုင် ရှေ့မှာ တွေ့ခဲ့ရတာပေါ့...
မျက်ဝန်းနက်နက်လေးနဲ့ ကော့မှောင်နေတဲ့ မျက်တောင်လေးတွေ ၊ ပါးချိုင့်လေးနဲ့ ပြုံးလိုက်ရင် လှပတဲ့ နှုတ်ခမ်းလေးတွေ၊ ဖြောင့်စင်းနေတဲ့ ဆံကေသာနဲ့ တွေ့လိုက်
ရတဲ့ ခဏတာလေးမှာ ကျနော့်ရင်တွေ လှုတ်ခတ်သွားခဲ့ရတယ်..ဆိုင်လေးထဲမှာ ဟိုဟိုဒီဒီလျှောက်ကြည့်ရင်း ကျနော်လိုချင်တဲ့ အသည်းပုံ ဖယောင်းခွက်လေးကို
လှမ်းကိုင်လိုက်တယ်ဆိုရင်ပဲ နူးညံ့တဲ့ အထိအတွေ့ တစ်ခုကြောင့် တဒင်္ဂ မှင်တက်ခဲ့မိတယ်.....သူ့နှုတ်ခမ်းက ' အို...' ဆိုတဲ့ အသံနဲ့အတူ ပန်းနုရောင်လွှမ်းသွားတဲ့
သူ့မျက်နှာ လေးနဲ့ ဆုံတွေ့လိုက်မိတယ်....ကျနော့်ပါးစပ်က 'Sorry.....'ဆိုတဲ့ စကားလေးတစ်ခွန်း ခုန်ထွက်သွားတယ်......

နောက်တစ်နှစ်အကြာ ၂၀၀၈ ဖေဖော်ဝါရီလထဲမှာ သူ့နဲ့ကျနော် ချစ်သူတွေ ဖြစ်ခဲ့ကြတယ်...(ပိုးပန်းမှုများကို ချန်လှပ်ထားပါသည်..။)ဖူးစာရေးနတ်နှင့် ဖေဖော်ဝါရီ
၁၄ ရက်ကို ကျနော်ကျေးဇူးတင်နေမိပါသည်။သို့သော်..."သမုဒ္ဒရာ ၀မ်းတစ်ထွာ" ဆိုသော စကားနှင့်အညီ ကျနော် ကိုရီးယားနိုင်ငံ သို့ ၂၀၀၉ ဖေဖော်ဝါရီ ၁၄ ရက်
မတိုင်မီထွက်ခွာခဲ့ ရပါသည်..။ကျနော်ချစ်သော မြန်မာပြည် ၊ကျနော်ချစ်သော ကျနော့် ကျေးဇူးရှင် မိဘနှစ်ပါး ၊ကျနော့်ချစ်သူ ..အရာအားလုံးကို စွန့်ခွာပြီး ရေခြား
မြေခြားကို ကျနော်ခြေချခဲ့ရပါသည်။ အင်တာနက် အီးမေးလ်မှတစ်ဆင့် ပြောချင်တာပြောလို့ရပေမယ့် ကျနော့်စိတ်မှာမဖြေသာခဲ့ပါ..တိုင်းတစ်ပါးလူမျိုးတွေကြား
နေထိုင်ရပေမယ့် အမိမြန်မာပြည်ကို အချိန်တိုင်း ၊စက္ကန့်တိုင်း သတိရလွမ်းဆွတ်နေမိပါသည်။ ဒီလို ၁၄ ရက် နေ့မျိုးမှာ ချစ်သူအတွက် Valentine's လက်ဆောင် ၊
မွေးနေ့ လက်ဆောင် ကို ကိုယ်တိုင်ကိုယ်ကျ မပေးနိုင်ခဲ့ပေမယ့် အလွမ်းပြေ ကဗျာလေးတစ်ပုဒ်ကို အီးမေးလ် မှတစ်ဆင့် သူ့ရဲ့ နှလုံးသားဆီသို့ ပို့လိုက်ရပါသည်....။
ကဗျာခေါင်းစဉ်က " ရေမြေခြားတဲ့ ချစ်သူများ" တဲ့...။

ကြာပြီနေဝေး ၊ ရက်တွေဆွေးလို့
ဝေးရပ်တစ်နေရာ ၊ ရောက်နေပြန်လည်း

တမ်းတစိတ်က ၊မင်းဆီမှာမို့

ငါကြိုးစားတာ ၊မင်းအတွက်ပါ........။

မျက်လုံးမှိတ်လို့၊ ညအိပ်တိုင်းလည်း
မင်းအရိပ်တွေပဲ ၊ မြင်နေဆဲမို့
ဘယ်လိုဝေးဝေး ၊စိတ်ချင်းနီးလို့

ကြည်နှုးမိဆဲ ၊ ၀မ်းသာမြဲပါ......။

နှစ်ကိုယ်တူဘ၀ ၊ တည်ဆောက်ဖို့ရာ
ချွေးနည်းစာနဲ့ ၊စုကာဆောင်းလည်း
သူစိမ်းတွေကြား ၊ ထွေပြားစိတ်က
မင်းထံပါးကို ၊အရောက်ပြန်ချင်လည်း
ရည်မှန်းထားရာ ၊ဘ၀ခရီးလမ်းမှာ
တင့်တောင့်တင့်တယ် ၊နေနိုင်စေဖို့
ငါလေ...တိုးလို့ ၊ ကြိုးစားရှာနေဆဲပါ.......။
တစ်နှစ်တစ်ခါ ၊ရောက်လာပြန်တဲ့
ဖေဖော်ဝါရီ ၊ ၁၄ဆီသို့........
စိတ်ကူးမိတိုင်း ၊ကြည်နှုးရွှင်ပျ

မင်းမျက်နှာလည်း ၊မမြင်ရပြန်

တီတီတာတာ ၊ချစ်ခွန်းစကားလည်း
မကြားရပြန် ၊တမ်းတ မှန်းဆကာ
လွမ်းလှ နွမ်းလျမိတော့ ၊
ငါ့ခံစားချက်
မင်းသိဖို့ရာ ၊
ဒီကဗျာလေးသာ
ထုတ်ပိုးသိမ်းဆည်း ၊
မင်းဖတ်ဖို့ရာ
အီးမေးလ်နဲ့သာ၊ပို့လိုက်ရပြီ...... ။ ။ (ရွှေမင်းသား)
ကျနော် ဒီကဗျာရေးနေမိရင်း လွမ်းဆွတ် သတိရစိတ်တွေ မထိမ်းနိုင်ခဲ့တဲ့အတွက် ကျလာတဲ့ မျက်ရည်တွေကို ' ဆိုဂျူ ' နဲ့ရောပြီး သောက်ခွင့် ပြုပါဗျာ..မြန်မာပြည်ကို
အရမ်းလွမ်းတာပဲ...ပြီးတော့ ကျနော့် ချစ်သူ ၊ ဖေဖော်ဝါရီ ၁၄ ရက် ..........။ ။

(ချစ်သူများနေ့တွင် ချစ်သူတိုင်းပျော်ရွှင်နိုင်ကြပါစေ...တိုက်ဆိုင်မှုများ ရှိခဲ့လျှင် ခွင့်လွှတ်ကြပါ....ရေခြားမြေခြား သို့ ရောက်ရှိနေကြသော "ရွှေမြန်မာ"များအတွက်
ရည်ရွယ်၍ အမှတ်တရ ရေးဖွဲ့ သီကုံးထားပါသည်။)

0 ခုလောက် ဝေဖန်ကြည့်ရအောင်:

Post a Comment

Online ပေါ်တွင် ကြော်ငြာများကို ကလစ်နှိပ်၍ ငွေ ရှာ ရန်အတွက် ပုံတွင် ကလစ်နှိပ်၍ မင်ဘာဝင်နိုင်ပါပြီ..

*******************************************************

*******************************************************

*******************************************************

468x60 *******************************************************

*******************************************************

*******************************************************

*******************************************************

*******************************************************

-------------------------------------------------------