ဘဝဆိုတာ ရှည်လျှားတဲ့ လမ်းကြောင်းတစ်ခုပေါ်က လှည်းလေးတစ်စင်း လိုပါပဲ...။လှည်းယဉ်လေးတစ်စင်းလို လှပနေမှာမဟုတ်ပေမယ့် လှည်းလေးတစ်စင်းလိုပဲ တဖြည်းဖြည်းခြင်းနဲ့ တရွေ့ရွေ့ သွားနေရမှာကတော့
မလွဲပါဘူး...။လူ့ဘဝတစ်လျှောက်ရဲ့ ပျော်ရွင်ခြင်း နာရီတွေကို ဆုပ်ကိုင်ထားလို့ မရနိုင်သလို ကြေကွဲဝမ်းနည်းစရာ အဖြစ်အပျက်တွေကိုလည်း ချန်ရစ်ခဲ့ရမှာပါ...။အဖြူစင်ဆုံး ၊အရိုးသားဆုံး ၊ဘာကိုမှမသိနားမလည်ဘဲနဲ့လူ့လောက ကြီးထဲကိုရောက်ခဲ့ကြပေမယ့် အဆုံးသတ်တွေကတော့ ခြားနားခြင်းတွေမှာဆိုက်ရောက်နေကြတယ်...။ မိသားစုအမျိုးမျိုး ၊ ပတ်ဝန်းကျင်အသွယ်သွယ် ၊ ရှင်သန်ခြင်းမျိုးစုံမှာ ဘဝကို ပုံစံအနေအထားအမျိုးမျိုးနဲ့ ဖြတ်သန်းနေကြတယ်...။ပြန်မရနိုင်တော့တဲ့ ငယ်စဉ်ကလေးဘဝတွေကိုတမ်းတရင်းနဲ့ပဲ လက်ရှိအချိန်တွေကို ဖြတ်သန်းနေရတာပါပဲ...။အပြစ်ကင်းစင်တဲ့ ကလေးဘဝကလို ပျော်ရွင်မှုတွေက ခုချိန်မှာကွယ်ပျောက်နေတာကြာခဲ့ပြီလေ...။ဘဝအမောမှာမျောရင်းနဲ့ ကိုယ့်လှေကိုယ်ထိုး ကိုယ့်ပဲ့ကိုယ်ထိန်း နေရတယ် ...။ဒီလို ရှည်လျှားတဲ့ဘဝခရီးလမ်းကိုလျှောက်တဲ့ခါမှာ လောဘတွေ ၊ဒေါသတွေ ၊ မာန်မာနတွေ ၊အပြည့်နဲ့ချီတက်လာကြတယ်...။မပြည့်သေးတဲ့ အိုးတွေကပြည့်လာဖို့ တွက်ရုန်းကန်နေကြတယ်...။ပြည့်တဲ့အိုးတွေက လျှံကျလာတဲ့ထိလိုချင်ကြတယ် ...။ ရောင့်ရဲနိုင်မှုတွေကိုထိန်းချုပ်ထားကြတယ် ...။ လောဘတွေကိုလွတ်လပ်ခွင့်တွေပေးပြီး အတ္တကို ရှေ့တန်းတင်ပေးထားကြတယ်...။ပွင့်လင်းရိုးသားမှုဆိုတာ ရှာမတွေ့နိုင်တော့တဲ့ ရှေ့ဟောင်းပစ္စည်းတခုလိုပါပဲ...။ဟန်ဆောင်မှုတွေအောက်မှာ ပွင့်လင်းမှုတွေက ဦးညွတ်နေကြရတယ် ...။ကိုယ်လိုတာရဖို့တွက်ဆို ဘာကိုမှမစာနာ ၊မထောက်ထားကြတော့ဘူး ။ ကောက်ကျစ်စဉ်းလဲခြင်းတွေကို သဘောထားဖြူစင်မှုတွေနဲ့မလွှမ်းမိုးနိုင်တော့ဘူး...။ကိုယ်ချင်းစာနာစိတ်ဆိုတာ ဘာအဓိပ္ပါယ်လဲလို့ ပြန်မေးရလောက်အောင် အလှမ်းဝေးတဲ့စကားစုတခုဖြစ်နေပြီ...။ အရာရာတိုင်းဟာ ပြောင်းလဲခြင်းတွေထဲမှာ ပျော်ဝင်စီးဆင်းသွားကုန်ကြပြီ ဆိုတာကတော့ ဘယ်လိုမှ ငြင်းမရနိုင်တဲ့ အမှန်တရားတခုပါပဲဗျာ.....။
0 ခုလောက် ဝေဖန်ကြည့်ရအောင်:
Post a Comment