ရွှေမင်းသား မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်...

Tuesday, August 28, 2007

အလင်းဖွင့်ချိန် (တာရာမင်းဝေ >>လူနံပါတ် (၁၃) )

အလင်းဖွင့်ချိန် ၀တ္တု ကို တာရာမင်းဝေ ရေးသားသော လူနံပါတ် (၁၃) မှ ကူးယူထားပါသည်။

-"အေး...ငါက လက်ဖက်နဲ့ကွမ်းယာ တင်ပြီး ခေါ်လို့ ရတဲ့ နတ်တော့ မဟုတ်ဘူး ၊ဒါပေမယ့် မင်းတွေ့ ချင်တဲ့ လောကပါလ နတ်ဆိုတာ ကတော့ ဟုတ်တယ်။ မင်းက ငါ့ကို ဘာကိစ္စ တွေ့ ချင် ရတာလဲ..."
ဒီလိုပါ.. ကျွန်တော်ဟာ လူတွေရဲ့ ခြေထောက်နဲ့ အတူနေ ရပါတယ်..

-"မင်းက ဖိနပ်လား ၊ နံပါတ် ဘယ်လောက် လဲ"
နံပါတ်အရ ဆိုရင်တော့ သုည ဖြစ်ပါလိမ့်မယ် ၊ ဒါပေမယ့် ကျွန်တော်က ဖိနပ် မဟုတ်ပါဘူး

-"ဆံပင်လည်း တစ်မျှင်မှမရှိဘူး..ပြောင်ချောကြီး...ဘာလဲ မင်းက ကတုံးအ, အကြီးလား..က ကြီးကနေ စပြီး တုံး လိုက်တာ အ အထိလား.."
မ.....မဟုတ်ပါဘူး ခင်ဗျာ..

-"၀ိုင်းဝိုင်း လုံးလုံးကြီး ဆိုတော့ ဘာလဲ....မင်းက ဂြိုလ် ကမ္ဘာလုံးလား..."
အိုး..မတွေးကောင်း...မတွေးရာပါခင်ဗျာ...မြေဆွဲအား အကြောင်း ကိုတောင် နားမလည်ပါဘူး
-
"မင်းကိုယ်ပေါ်မှာလည်း အကွက်တွေ အစင်းတွေနဲ့ .....ဘာလဲ မင်းက ကျားသစ်လား....ဒါမှမဟုတ် ခွေ ထားတဲ့ စပါးကြီး မြွေလား.."
ကျွန်တော်သာ အဲဒီလို ကောင်တွေ ဆိုရင် လူတွေက ကျနော့်ကို ခြေထောက် နဲ့ ဘယ်ကန်ရဲပါ့မလဲဗျာ...
-
"လူတွေက မင်းကို ဘာကြောင့် ကန် ကြတာလဲ..မင်းက ဘာလဲ..."
ကျွန်တော် က ဘောလုံး ပါ...
-
"ငါက ရိုနယ်ဒို လည်းမဟုတ်ဘူး....ဒေးဗစ်ဘက်ခမ်းလည်း မဟုတ်ဘူး....ဘောလုံးလည်း မကန်ဘူး ၊အိမ်ကွင်း လည်းမကန်ဘူး ၊ အဝေးကွင်း လည်း လိုက် မကန် ဘူး ၊မင်းလို ဘောလုံးက ငါ့ဆီ ကိုဘာကိစ္စ လာရတာလဲ..."
ဒီလိုပါ ကျွန်တော် က ပွဲတွေမှာ အကန်မခံချင်လို့ပါ....

-"ဘာဖြစ်လို့လဲ..."
သူတို့ ရဲ့ ပြိုင် ပွဲတွေက အရှုံးနဲ့ အနိုင် လုတာတွေ ဖြစ်နေလို့ပါ..

"ပြိုင်ပွဲ ဆိုတာကတော့ ဒီလိုပါပဲ..ဖလားလုမယ်...အလံလုကြရတယ်....အဲဒီအတွက် အရှုံးအနိုင် လုကြရတယ် ဒါပဲပေါ့...သဘာဝပဲလေ...."
ဟုတ်ကဲ့...ကျနော်ကလည်း အဲဒါကို မနှစ်မြို့တာပါ...သူတို့ဘာသာ အရှုံး အနိုင်လုတဲ့ပွဲမှာ ကျနော်က ဓားစာခံ မဖြစ်ချင်လို့ပါ..

"ကဲ..ထားပါတော့...ပြိုင်ပွဲမှာ အကန်မခံ ချင်ရင် မင်းက အခု ဘယ်လို ဖြစ်ချင်တာလဲ.."

ကလေး တစ်ယောက်က ကျနော့် ကို နံရံဆီ ဘုန်းခနဲ ကန်လိုက် ၊ကျနော်က ပြန်ကန်ထွက်လိုက် ၊ သူက ပြန် ကန်လိုက် ၊ ကျနော်က ပြန်ကန်ထွက်လိုက် နံရံကြီးက တဗောင်းဗောင်း လက်ခုပ်တီးလိုက် အဲဒီလိုပဲ..နေချင် ပါတယ်...

"ဘာဖြစ်လို့ပါလိမ့်..."

လူတွေပြော လေ့ရှိကြပါတယ်..နံရံကို ခေါင်းနဲ့ ပြေးပြေးပြီး ဆောင့်တယ်လို့တာပြောတာပြောကြတယ် ၊ တကယ်မလုပ်ကြပါဘူး..ကျနော်က တကယ်လုပ်ပြ ချင်တာပါ...အဲဒီလို လုပ်ပြတဲ့ အတွက်ကြောင့် လည်း သူတစ်ပါးက အပြစ် ကင်းကင်းနဲ့ ပျော်စေချင်လို့ပါ...

"အလာကြီးပါလား...ဘာကိစ္စ ဒီအတွေး ၀င်ရတာလဲ...."

လောကကြီးမှာ လူတွေ မိုးလင်းသလိုပေါ့....ကျနော့် အတွေး အခေါ်တွေ မိုးလင်းလာတာပါ ၊ကျနော့် ကိုယ် ကျနော် နံနက်ခင်း ဆီ ဂိုးသွင်းလိုက်တာပါ...

"အဲဒီတော့...ငါ ဘာလုပ်ပေးရမှာလဲ...."

ကျနော့် စိတ်ဝိညာဉ် ကို မျက်နှာ သစ်ချင်လို့ပါ...အဲဒီအတွက် လောကပါလ နတ်မင်းကြီးဆီမှာ အကူအ ညီ လာတောင်းတာပါ....ရေစင်လေး တစ်ပေါက်လောက်နဲ့ ကျနော့် ကို တောက်ပေးတော်မူပါ......

လောကပါလ နတ်မင်းကြီးက ပြုံး၏ ။ သူ့အပြုံး အောက်မှာ တိမ်တိုက် တို့ကလည်း ၀င်းလဲ့ မှုန်ပြာ သွားကြ လေသည် ။ ။




0 ခုလောက် ဝေဖန်ကြည့်ရအောင်:

Post a Comment

Online ပေါ်တွင် ကြော်ငြာများကို ကလစ်နှိပ်၍ ငွေ ရှာ ရန်အတွက် ပုံတွင် ကလစ်နှိပ်၍ မင်ဘာဝင်နိုင်ပါပြီ..

*******************************************************

*******************************************************

*******************************************************

468x60 *******************************************************

*******************************************************

*******************************************************

*******************************************************

*******************************************************

-------------------------------------------------------